Thursday, April 7, 2016

Happy Myanmar New Year

Monday, February 3, 2014

သိဥင်္စိုဇ်အနမ်း

ပြောင်မြောက်လွန်းသောအညှီအဟောက်ကစားကွက်ထဲ
ကိုယ်တိုင်မြေလှိမ့်ဘောတစ်လုံးဖြစ်ခဲ့
အာသာငမ်းငမ်းနှုတ်ခမ်းတစ်စုံ၏ဆွဲငင်ရာသို့
ယက်ကန်ယက်ကန်ကခုန်ရင်း
အဖျားရောက်လုလုလျှာလွှဲမှုတို့
ရင်ဝကိုတငွေ့ငွေ့နမ်းရှိုက်ကြပြန် .....

ပိုးမွေးသလိုမွေးထားမိသော ဆင်ခြေဆင်လက်တို့ကို
ဖာသိဖာသာမီးမြှိုက်ကြည့်ရင်းက
ဆိပ်ကမ်းမှမခွာနိုင်တော့ .....

ယာယီနာကျင်မှုကိုင်းပင်တို့
တနံတလျားလုံးဖုံးလွှမ်းပေါက်ရောက်ခဲ့
ချိတ်မိထားသောချိပ်တစ်စုံ၏ကြိုးစတို့
ကိုယ်တိုင်ပြန်မြိုမိခဲ့ပေါ့ .....

အထပ်ထပ်သန့်စင်ပြီးသောအ၀တ်စတို့မှိုင်းဝခဲ့ချိန်
တဖန်ပြန်လည်ဝပ်ကျင်းထဲတွားတက်
မျက်စိတဆုံးအာသီသတို့သက်လုံအပြည့်
ဒုန်းစိုင်းတိုးဝင်ဖောက်ထွက် အသားတစ်အချို့
မ ဆုံး နိုင် ပြန်
လုံ့လအချို့အ၀က်တို့အချိန်မီချုပ်ပြီး
စည်း ရိုး ပျက် ချိန်
တလိပ်လိပ်လက်ပံပါးပြင်သို့ ပါးအပ်မိပြီ .......။ ။

Monday, August 12, 2013

ရွက်ကြွေမြစ်

- လောကကမ်းပါးယံကို
ခင်တွယ်ကာတက်မိရင်းနဲ့
ဘယ်တော့မှမလိုက်ပါနိုင်တဲ့စိတ်က
တသွင်သွင်စီးဆင်းနေတဲ့မြစ်ကိုပဲ
အားကျမိပြန်တယ်

- အမှန်တရားတွေမပြောပါနဲ့
အဖြေကသေချာလွန်းတယ်
ကျေးဇူးပြုလို့
အမှားတစ်ခုလောက်စွန့်ကြဲခဲ့ပါ
သင်ခန်းစာယူချင်တယ်
ရေငုံနှုတ်ပိတ်လက်စနဲ့

- ရှိစေတော့ . . . မြစ်ရေ
ဗေတာတွေလည်း စီးပါစေ . . . .......

Monday, February 11, 2013

ညတုန်းကကဗျာကိုဆက်ရေးခြင်း

- တစ်ကြိမ်တည်းသာ
ဖြစ်သလိုမြင်လိုက်ရ
ေ၀၀ါးပိတ်လှောင်မှုတွေက
မြင်ရသမျှအပြည့်အလျှံပဲ

- သဘာဝတရားဆီမှ
လတ်ဆတ်သော နုပျိုသောလက်ခုပ်သံများ
ခိုပြာရောင်အမှောင်များ
အတိတ်တုန်းက အငမ်းမရမှုများ
ဘယ်သူက ဘယ်သူ့အား
လမ်းညွှန်ခဲ့ပါသလဲ

- ဟော...
ငှက်အော်သံတွေထက်
စောစောနိုးထတဲ့မနက်ကိုရောက်ပြီ

- ဂီတသစ်မှာ သီချင်းဆိုရန်နှင့်
လောကရဲ့သတင်း
အရေးပေါ်ကိစဆိုတာ ဒါပဲထင်ရဲ့
သူ့သစ်စာ
ကိုယ့်သစ်စာ
မမြင်ရတဲ့အလင်းမှာ
တို့အဓိပါယ်တွေရော သန့်စင်ပါရဲ့လား ......။ ။


Wai Hmuu Thwin

Thursday, October 11, 2012

အလွမ်းညကဗျာ

လှလှလေး လထွက်တုန်း

တိမ်တွေဖွေးဖွေးလှုပ်

လျှပ်ရောင်ရှက်ပြုံးခပ်သုတ်သုတ် . . . ။

Tuesday, October 2, 2012

ငါးမျှားဖြစ်တဲ့နေ့

လိုချင်မှုက
ငါ့ခေါင်းထဲအရင်နေရာယူထားတော့
လောလောဆယ်
တီတစ်ကောင်ရဲ့အသက်ကိုငါ စ သတ်လိုက်တယ်။

ရေထဲမှာ
ဖော့တဲ့လေးငြိမ်လို့။

ငါက
နောက်ထပ်အမှားကိုစောင့်နေသူလား
မာယာများတဲ့ငါ့ငါးမျှားချိတ်မှာ
အာခေါင်စူးပြီးပါလာဦးမယ့်ငါးများ
ဒီအတွေး စ ၀င်တော့
ကြောက်စိတ်နဲ့တဆတ်ဆတ်တုန်လာတဲ့ငါ့လက်
ဝုန်းခနဲ ထရပ်လိုက်မိတဲ့ငါ့ခနွာ။
ပြီး
ရေထဲမှာ ရောက်နေတဲ့ငါ့အရိပ်က
ရေထဲမှာ ငါချထားတဲ့ ငါးမျှားချိတ်ကိုရှောင်လို့။

ဒုတိယအမှားကိုမစခင်
ကိုင်ထားတဲ့ ငါးမျှားတံကိုရေထဲပစ်ချပြီး
ငါ.. ပြန်လာခဲ့တယ် .......။         ။

                              (ကဗျာဆရာစုံစမ်းဆဲ)

Monday, October 1, 2012

ပင်လယ်

မြစ်တွေကတော့
အလိုတူအလိုပါခုန်ဆင်းလာပါတယ်

ခက်တာက
လူခြေတိတ်ချိန်စောင့်ပြီး
ကမ်းပါးတွေနဲ့စကားပြောနေရတဲ့အနေအထား

ကိုယ်တိုင်ဖွင့်ပြရင်
သောင်တွေလည်းရှိတော့မှာမဟုတ်ဘူး

ငြီးငွေ့ခွင့်မရှိတဲ့ရေပြင်ထဲမှာ
တစ်ဝက်တစ်ပျက်နဲ့ရပ်ထားလို့လည်းမရတော့

စိတ်အိုက်တဲ့အခါ
မြင်မြင်သမျှကို
လှိုင်းလုံးကြီးကြီးနဲ့ရိုက်ပစ်လိုက်တယ် .... ။ ။

(ကဗျာဆရာစုံစမ်းဆဲ)